Skip navigation

သင်္ကြန်နားနီးလာပြန်ပီပဲ…။ မြို့ထဲကို တစ်ပတ်နေလို့မှ တစ်ခါ မရောက်ဖြစ်တော့ဘူး။ မနက်က ကျွန်တော့်ဇနီးကို ကျွဲဆည်ကန်ကားကွင်းလိုက်ပို့တော့ ကျုံးဘေးမှာ သင်္ကြန်မဏ္ဍပ်တွေ အစီအရီဆောက်လုပ်နေတာကို တွေ့လိုက်ရတော့ ကိုယ့်ဟာကိုယ် တော်တော်လန့်သွားတယ်။ အော်… သင်္ကြန်တောင် ရောက်တော့မှကိုး။

နှစ်စဉ်နှစ်တိုင်း သင်္ကြန်ဆိုရင် သူများထက်ပိုပီး သင်္ကြန်ပိုးကြွကြသူတွေက သူငယ်ချင်းတွေထဲမှာ အများသားလေ။ သင်္ကြန်နားနီးပီဆိုရင် သင်္ကြန်မဏ္ဍပ်ဆောက်ကြဖို့အတွက် လုံးပမ်းကြတယ်။ သင်္ကြန်မတိုင်မီ တစ်ပတ်လောက် အလိုကတည်းက ကျုံးဘေးက မဏ္ဍပ်တည်နေရာမှာ သင်္ကြန်ပစ္စည်း အပြည့်အစုံနဲ့ သင်္ကြန်ကြိုပီးကျကြတယ်။ ၂၀၀၉ ခုနှစ်မှာလဲ တစ်မူထူးပီး မဏ္ဍပ်ပေါ်မှာ club ဆန်ဆန် Hall ကြီးလုပ်ပီး ကဲခဲ့ကြတာ မန္တလေးမှာ တော်တော်တာစားသွားခဲ့သေးတယ်။ ဒါကြောင့်မို့ အခု သင်္ကြန်ကျတော့မှာဆိုတော့ သင်္ကြန်ပိုးက ဘာလို့ မထတော့တာလဲလို့ ကိုယ့်ဟာကိုယ်တွေးမိပြန်တယ်။ ကိုယ်မှမဟုတ် သင်္ကြန်နားနီးရင် ပိုးထနေကြ သူငယ်ချင်းတွေကလဲ နည်းနည်းလေးတောင် မလှုပ်ရှားကြတော့ဘူး။ သူတို့လဲ သူတို့စီးပွားရေးလုပ်ငန်းတွေထဲမှာ စီးမျောနေကြပီး ကိုယ်တွေအချင်းချင်းတောင် ၁လနေလို့ တစ်ခေါက် မဆုံဖြစ်ကြတော့ဘူး။ ကိုယ်ကိုတိုင်လဲ အလုပ်ထဲမှာ စီးမျောနေလိုက်တာ ဧပြီလရောက်တာတောင် သတိမထားမိဘူး။ အိမ်ထောင်ကျသွားလို့လား။ အသက်အရွယ်ပဲ ကြီးလာလို့လား..။ အသက်အရွယ်ကြီးရအောင်လဲ ကိုယ့်အသက်က အခုမှ ၂၅နှစ်ကျော်ထဲပဲရှိသေး။ သူများတွေဖြင့် ကဲကောင်း ဖြဲကောင်းတုန်း။ အဲ့လို စဉ်းစားနေတုန်း ဖုန်းဝင်လာပါတယ်။ မော်ဒန်ဂျာနယ်ကပါတဲ့။ အစ်ကိုတို့အဖွဲ့ ဒီနှစ် သင်္ကြန်မှာ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲတဲ့။ ကိုယ်က လက်ရှိအခြေအနေကို ရှင်းပြတော့ မေးတဲ့ သတင်းထောက်မလေးတောင် ကြောင်တောင်တောင်ဖြစ်သွားတယ်။ သူတို့ မယုံကြည်နိုင်တဲ့ စကားတွေကိုး။ ဒါနဲ့ သေချာပေါက် မဏ္ဍပ်လုပ်ဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ဖုန်းနံပါတ်ကို ပေးပီး ဆက်သွယ်ခိုင်းလိုက်တယ်။

ဘာပဲဖြစ်ဖြစ် သင်္ကြန်ကို သူငယ်ချင်းတွေနဲ့ အေးအေးချမ်းချမ်း ပျော်ချင်ပါသေးတယ်။ အပူတွေတော့ မပါချင်ဘူးပေါ့လေ။ ကြားရတဲ့ သတင်းတွေအရ ဒီနှစ်သင်္ကြန်မဏ္ဍပ်တွေမှာ မိုင်းရှင်းတဲ့ ကိရိယာတွေထားရမယ်တဲ့။ ဘယ်လိုဟာတွေ ဘယ်လိုထားရမလဲတော့ အခုထိမသိသေးဘူး။ မဏ္ဍပ်တွေကိုလဲ လွန်ခဲ့တဲ့ ၃နှစ်လောက်ကလို ကျုံးတစ်ဖတ် ၂၀ ခု ဆောက်ခွင့်ပြုထားရာက ဒီနှစ်မှာ ၁၀ ခုပဲ ဆောက်ခွင့်ပြုမယ်တဲ့။ မန်းသင်္ကြန်မှာ အရက်ဘီယာဆေးလိပ်စပွန်ဆာတွေ ခွင့်မပြုဘူးလို့ ၇နှစ်ကျော် ၈ နှစ်လောက် ပိတ်ပင်ထားပေမယ့် ဒီနှစ်မှာတော့ မြန်မာဘီယာက လေးဖြူတို့ IC အုပ်စုနဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်ကြီး လက်အောက်ရောက်တော့မယ့် ရတနာပုံတိရိ စ္ဆာန်ရုံကြီးနဲ့ မျက်နှာချင်းဆိုင်လောက်မှာ သင်္ကြန်လာကျမယ်တဲ့။ မန်းစည်ပင်က မန္တလေးမြို့ ဂုဏ်ဆောင် မြို့မငွေငန်းကြီး သင်္ကြန်တွင်း ဖျော်ဖြေရေးအတွက် ငွေကျပ် သိန်း(၃၀)လှူဒါန်းတယ်တဲ့။ ရန်ကုန်က နာမည်ကြီး အဆိုတော်တွေ၊ တီးဝိုင်းတွေ၊ ဒီဂျေတွေတော်တော်များများ မန်းသင်္ကြန်မှာ ရေခံရင်းနဲ့ လာကဲကြမယ်တဲ့။
ကဲချင် လန်းချင်တဲ့ ကောင်မလေးတွေကလဲ သင်္ကြန်အတွက် စပွန်ဆာရှာနေကြသလို မန္တလေးက နာမည်ကြီးယောက်ျားလေးတွေ တော်တော်များများကလဲ သင်္ကြန်တွင်းအတွက် ဟိုတယ်တွေ ကြိုငှားနေကြတယ်တဲ့။ သင်္ကြန်အတွက် ဓာတ်ဆီတွေ ကြိုတင်စုနေကြသလို အဲ့ဒီဓာတ်ဆီတွေက တဆင့် ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုတွေ မဖြစ်စေချင်ပါဘူး။ သင်္ကြန်ဇာတ်လမ်းတွေက တဆင့် မိန်းမကောင်းတွေ အလှမပျက်စေချင်သလို ယောက်ျားကောင်းတွေလဲ ဘ၀မပျက်စေချင်ပါဘူး။ သင်္ကြန်မှာ အေးအေးချမ်းချမ်းနဲ့ ပျော်နိုင်ကြပါစေ။